ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

ဧရာဝတီမြစ်ကြီး ကျန်းမာသန်စွမ်းရေးအတွက် ဧရာဝတီလင်းပိုင်များကို ကာကွယ်စောင့်ရှောက်ခြင်း
ကာကွယ်စောင့်ရှောက်ထားသည့် ဧရိယာများ
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
ငါးဖမ်းလုပ်ငန်း

နောက်ခံအကြောင်း

ဧရာဝတီလင်းပိုင်များသည် မျိုးသုန်းအန္တရာယ်နှင့် အထူးရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း ၇၉ကောင်သာကျန်ရှိသည်။ ရေထုညစ်ညမ်းခြင်း၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများသုံးခြင်း၊ လှေအသွားအလာအလွန်များပြားခြင်း စသည့် လူသားများ၏လုပ်ရပ်များက ၎င်းတို့၏အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။

စီမံကိန်း

ဧရာဝတီမြစ်ထဲကျန်နေသည့် လင်းပိုင်အုပ်စုငယ်သည် မန္တလေးမြို့၏မြောက်ဘက်၊ မင်းကွန်းနှင့် ဗန်းမော်အကြားတွင် နေထိုင်ကြသည်။ ယင်းမြစ်၏ အရှည် ၇၄ ကီလိုမီတာရှိသော ဧရိယာတစ်ခုကို ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေးဧရိယာ (ADPA) အဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန (DoF) က ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းဧရိယာတွင် လင်းပိုင်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းခြင်း၊ အချို့သော ငါးဖမ်းပိုက်အမျိုးအစားများ အသုံးပြုခြင်းတို့ကို တင်းကျပ်စွာ တားမြစ်သည်။ ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် ရွှေကျင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် တားမြစ်ခဲ့သည်။ DoF သည် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) နှင့်အတူပူးပေါင်း၍ လင်းပိုင် စောင့်ရှောက်ရေးနှင့် ရေရှည်မြဲသော ငါးဖမ်းအလေ့အထများအကြောင်းကို ဒေသနေသူများကို ပညာပေးပြီး ဒေသခံအခြေစိုက် သဘာဝခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ၎င်းတို့သည် စကားဝိုင်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး လင်းပိုင်အရေအတွက် ပုံမှန်စစ်တမ်းကောက်ယူကြသည်။ DoF သည် မြစ်ကြောင်းတစ်လျှောက်ကင်းလှည့်၍ ငါးဖမ်း စည်းကမ်းများအတိုင်း ကျင့်သုံးဆောင်ရွက်သည်။

အဖွဲ့အစည်း

တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) သည် နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်ပြီး အဖွဲ့၏တာဝန်မှာ သိပ္ပံပညာ၊ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းနှင့် သဘာဝအပေါ် တန်ဖိုးထားတတ်စေရန်လှုံ့ဆော်ခြင်းတို့မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝနေရာများကို စောင့်ရှောက်ရန်ဖြစ်သည်။ WCS သည် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရေရှည် ကာကွယ်စောင့်ရှောက်ရေးကို စတင်ခဲ့သည့် ပထမဆုံး နိုင်ငံတကာ NGO ဖြစ်သည်။

ဧရာဝတီလင်းပိုင်များကို အင်ဒို-ပစိဖိတ်ဒေသ၏ မြစ်ဝများ၊ ပင်လယ်အော်များနှင့် မြစ်များကဲ့သို့ ကမ်းရိုးတန်း ရေချို၊ ရေငန် နေရာနှစ်မျိုးစလုံးတွင် တွေ့ရှိရသည်။ အဆိုပါ ရေချိုမြစ်နေ လင်းပိုင်အုပ်စု သုံးစုလုံးသည် မျိုးသုန်းလုအန္တရာယ်နှင့် အထူးရင်ဆိုင်နေရသည်။
၁၈၇၉ ခုနှစ်တွင် သုတေသီ John Anderson က ဧရာဝတီမြစ်တွင် လူသားနှင့် လင်းပိုင်များ အတူတကွ ငါးဖမ်းနေကြသည်ကို မြင်တွေ့ရသည်ဟု မှတ်တမ်းတင်ခဲ့သည်။ ယင်းအလေ့အထသည် ယနေ့တိုင် သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပြီး အကျိုးတူပူးပေါင်းငါးဖမ်းခြင်းဟု သိကြသည်။ “ကျွန်တော် မနက်တိုင်း မြစ်ထဲကိုလာတယ်။ ခဏနေကျရင် လင်းပိုင်တွေက ငါးသွားဖမ်းဖို့အချိန်ကျပြီလို့ ကျွန်တော့်ကို လာပြောကြမယ်။ ငါးအရများတဲ့နေ့တွေမှာဆို လင်းပိုင်တွေက သူတို့အမြီးတွေနဲ့ အချက်ပြပြီး ငါးအုပ်စုတစ်စုရှိရာဆီ ကျွန်တော့်ကို ခေါ်သွားတတ်တယ်။” အကျိုးတူပူးပေါင်း ငါးဖမ်းသမား ဦးထွန်းနိုင်
၂၀၀၂ ခုနှစ်မှစတင်၍ သိပ္ပံပညာရှင်များသည် ဧရာဝတီလင်းပိုင်များ၏ အခြေအနေကိုလေ့လာရန် ဧရာဝတီမြစ်ကို နှစ်စဉ် စစ်တမ်းကောက်ယူကြသည်။ သိပ္ပံပညာရှင်များသည် လှေတစ်စီးဖြင့် ဖြည်းညင်းစွာ ခရီးနှင်ကာ အဝေးကြည့်မှန်ပြောင်းများအသုံးပြုပြီး တွေ့ရှိရသမျှလင်းပိုင်များကို မှတ်တမ်းတင်ကြသည်။ အဆိုပါလင်းပိုင်များ နေထိုင်ကျက်စားသည့်ဧရိယာသည် ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်းတွင် ခန့်မှန်းခြေ ထက်ဝက်ခန့် ကျဉ်းမြောင်းသွားခဲ့သည်။ သို့သော် ကောင်းမွန်သည့်လက္ခဏာအချို့လည်းရှိနေပြီး ဧရာဝတီလင်းပိုင် အကောင်ရေသည် ၂၀၀၃ ခုနှစ်တွင် ၅၉ ကောင်ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇၉ ကောင်အထိ တိုးပွားလာသည်။

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့

မြန်မာနိုင်ငံအတွင်း ဒေသနှင့် လိုက်လျောညီထွေရှိသော စီမံကိန်းချမှတ်မှုမှတစ်ဆင့် ရာသီဥတုဒဏ် ခံနိုင်မှု တည်ဆောက်ခြင်း