
ကြည့်ရှုပါ
ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုများ၊ သစ်တောပြုန်းခြင်း၊ ပလတ်စတစ်အမှိုက်နှင့် လေထုညစ်ညမ်းမှုတို့သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများဖြစ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်ပေါ်တွင် မည်သို့သော သိသာထင်ရှားသည့်အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ဤလက်ရွေးစင်ရုပ်ရှင်များနှင့် မှတ်တမ်းကားများကို ကြည့်ရှုလိုက်ပါ။
International Documentaries

TOMORROW (Demain)
၂၁ ရာစုမကုန်မီ လူသားမျိုးနွယ်တစ်စိတ်တစ်ပိုင်း ပျက်သုန်းသွားနိုင်ဖွယ်ရှိကြောင်း အထူးကြေညာချက်တစ်စောင် ထုတ်ပြန်ပြီးနောက် Cyril Dion နှင့် Mélanie Laurent တို့သည် ဤကပ်ဆိုးကြီး ဖြစ်လာစေရန် မည်သည့်အရာက ဦးတည်စေခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ၎င်းကိုရှောင်ရှားရန်နည်းလမ်းတို့ကို ရှာဖွေရန် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ဖြေရှင်းနည်းများကို ပြသပြီး စိတ်သက်သာရာရစေသော ဇာတ်လမ်းကို ပြောပြသည့် ထိုနည်းလမ်းများသည် ကျွန်ုပ်တို့၏နိုင်ငံများ ကျော်ဖြတ်နေရသော ဂေဟ၊ စီးပွားရေးနှင့် လူမှုရေး အကျပ်အတည်းများကို ဖြေရှင်းရန် အကောင်းဆုံးနည်း ဖြစ်နိုင်ပါသည်။

TRASHED
Jeremy Irons သည် ကမ္ဘာတစ်ဝန်းရှိ စွန့်ပစ်အမှိုက်ပြဿနာ၏ အတိုင်းအတာနှင့် အကျိုးသက်ရောက်မှုများကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ပြီး ညစ်ညမ်းမှုကြောင့် အလှပျက်ရသည့် လှပသော ကမ္ဘာ့နေရာဒေသများသို့ ခရီးထွက်ခဲ့သည်။ ရုပ်ရှင်သည် အမြင်အားဖြင့်ရော စိတ်ခံစားမှုအရပါ လှပပြီး ကြောက်မက်ဖွယ်ကောင်းသည့်အပြင် လူ့အကျိုးစီးပွားနှင့် နိုင်ငံရေး နှိုးဆော်မှုတို့ကို ရောယှက်ဖော်ပြထားသည်။ ၎င်းသည် သံသယမှ ခိုင်မာသောစိတ်ဓာတ်သို့၊ ကြောက်မက်ဖွယ်မှ မျှော်လင့်ချက်သို့ ပြောင်းလဲပေးနိုင်သော စေ့စပ်သေချာပြီး ရဲရင့်သည့် စုံစမ်းစစ်ဆေးမှုခရီးစဉ်တစ်ခုဖြစ်သည်။

ISLE OF FLOWERS (Ilha das Flores)
Isle of Flowers တွင် ခြံထဲမှ ခရမ်းချဉ်သီးတစ်လုံးက စူပါမားကက်သို့၊ မီးဖိုချောင်သို့၊ အမှိုက်ပုံးသို့၊ စွန့်ပစ်မြေသို့၊ ဝက်များနှင့် ဆင်းရဲသားများဆီသို့ ရောက်ရှိပုံအဆင့်ဆင့်ကို အသံနောက်ခံနှင့်အတူ ထူးခြားသော ဓာတ်ပုံစုစည်းမှုများဖြင့် တင်ဆက်ထားသည်။ ရယ်ရွှင်ဖွယ်ကောင်းသော ရုပ်ရှင်တစ်ခု ဖြစ်သော်လည်း လူသားတို့အချင်းချင်း ဆက်ဆံပုံအကြောင်းကို ပီပြင်စွာ တင်ပြနိုင်ခဲ့သည်။

AN INCOVINIENT TRUTH
အထူးခြားဆုံး ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အော်စကာဆုရ မှတ်တမ်းကားဖြစ်သည်။ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော Al Gore သည် ဤရုပ်ရှင်ကို ပူးပေါင်းရိုက်ကူးခဲ့ပြီး ပရိသတ်နှင့် ကူညီသူများရှေ့မှောက်တွင် သူက ကမ္ဘာကြီးကို လူသားတို့ မည်သို့ဖျက်ဆီးခဲ့ကြောင်း ရှင်းပြခဲ့သည်။ ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် မည်သည့်အရာများကို လျင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း အဆောတလျင် သတိပေးချက်တစ်ခုကို သူက သတိပေးခဲ့သည်။

BEFORE THE FLOOD
Before the Flood တွင် Leonardo DiCaprio သည် ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန်အဖြစ် တိုက်ကြီးငါးတိုက်နှင့် အာတိတ်သမုဒ္ဒရာသို့ သွားရောက်ပြီး ရာသီဥတုပြောင်းလဲမှုကို မျက်ဝါးထင်ထင် ကြည့်ရှုခဲ့သည်။ သူသည် သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးခရီးများ ထွက်ခဲ့ပြီး လက်တွေ့လှုပ်ရှားနေသော နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ရာသီဥတုအကျပ်အတည်း ပိုမိုအရေးပေါ်ဖြစ်လာသော်လည်း လူထုအထင်အမြင်ရှုပ်ထွေးစေရန်အတွက် စနစ်တကျသတင်းမှားဖြန့်ချိရေးလုပ်နေသည့်လုပ်ငန်းတစ်ရပ်ကိုလည်း သူ တွေ့ရှိခဲ့သည်။ တစ်ကမ္ဘာလုံးမှ အတွေးအခေါ်ခေါင်းဆောင်များအား ထူးထူးခြားခြား တွေ့ဆုံခွင့်ရခြင်းနှင့်အတူ DiCaprio သည် အလုံးအရင်းလိုက် ထွက်ပေါ်နေသော ရာသီဥတုသတင်းဆိုးများကြားတွင် မျှော်လင့်ချက်ကို ရှာဖွေခဲ့သည်။

ONCE UPON A FOREST (Il était une foret)
ပထမဆုံးအကြိမ်အဖြစ် ကျွန်ုပ်တို့မျက်စိရှေ့မှောက်တွင်ပင် မိုးသစ်တောတစ်ခု ပေါက်ရောက်လာပါမည်။ ဧရာမအပင်ကြီးများ ပထမဆုံး ကြီးထွားမှုမှသည် ပထမဆုံးပွင့်ဖူးမှုအထိ၊ အုပ်မိုးသည့်အပင်များမှစ၍ အပင်များနှင့် တိရစ္ဆာန်များကြား လျှို့ဝှက်ဆက်နွယ်မှုများအထိ ခုနစ်ရာစုထက်မနည်းသော အချိန်များသည် သင့်မျက်စိရှေ့တွင် ကုန်ဆုံးသွားပါမည်။ Once Upon a Forest သည် မူလအခြေအနေအတိုင်း တည်ရှိနေပြီး ပြီးပြည့်စုံစွာ ဟန်ချက်မျှနေသော၊ အသေးဆုံးမှသည် အကြီးဆုံးအထိ သတ္တဝါတိုင်းက မရှိမဖြစ်အခန်းကဏ္ဍတစ်ခုစီကို တာဝန်ယူထားကြသော ဤအရိုင်းကမ္ဘာအကြောင်းကို ထူးထူးခြားခြား နက်ရှိုင်းစွာ တူးဆွဖော်ပြထားသည်။

THE MAN WHO PLANTED TREES (L’homme qui plantait des arbres)
Jean Giono ၏ ၁၉၅၃ ခုနှစ်ထုတ် စာအုပ် The Man Who Planted Trees ကို မှီငြမ်းရိုက်ကူးသော ဤရုပ်ရှင်တွင် ပြသချိန် မိနစ် ၃၀ အတွင်း အလှပဆုံးနှင့် ထိခိုက်ခံစားဖွယ်အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ် ပါဝင်သည်။ ဤရုပ်ရှင်သည် သိုးထိန်းတစ်ဦးက ၂၀ ရာစုအစောပိုင်းတလျှောက် ပရိုဗင့်စ်ဒေသရှိ အဲ့လ်စ်တောင်ခြေတွင်ရှိသော လွင်တီးခေါင်ပြင်ချိုင့်ဝှမ်းတစ်ခုကို သစ်တောပြန်ဖြစ်လာစေရန် တစ်ဦးတည်းအားအင်ဖြင့် အောင်မြင်စွာ စိုက်ပျိုးခဲ့ပုံကို ပြောပြသည်။ ဤဇာတ်လမ်းသည် လူသားတစ်ဦးက မည်မျှအထိ ကွဲပြားခြားနားအောင် လုပ်ဆောင်နိုင်ကြောင်း ပြည့်ပြည့်စုံစုံ နမူနာပြလိုက်ခြင်းပင် ဖြစ်သည်။

HOME
လူသားတို့သည် ၎င်းတို့ တည်ရှိလာသည့် သက်တမ်းနှစ် ၂၀၀,၀၀၀ အတွင်း သက်တမ်း နှစ် ၄ ဘီလျံ ရှိသော ကမ္ဘာမြေကြီး၏ ဟန်ချက်ကို ပျက်ပြားအောင် လုပ်ခဲ့သည်။ ကမ္ဘာကြီး ပူနွေးလာမှု၊ ရင်းမြစ်များ ကုန်ခမ်းလာမှု၊ မျိုးစိတ်များ ပျက်သုန်းလာမှုတို့ဖြင့် လူသားတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နေအိမ်ကို အန္တရာယ်ကျရောက်အောင် လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံပေါင်း ၅၄ ခုမှ ဝေဟင်ပြကွက်များဖြင့် ရိုက်ကူးထားသော Home တွင် ကမ္ဘာကြီး၏ ပြဿနာအားလုံးသည် သဘာဝပတ်ဝန်းကျင်အပေါ် လူသားတို့က ဖိအားပေးခြင်းနှင့် ယှက်နွယ်နေကြောင်း ဖော်ပြထားသည်။
Myanmar Documentaries

Changes in the fields
Changes in the Fields (လယ်ကွင်းထဲက အပြောင်းအလဲများ) သည် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ ဘဝအဖုံဖုံကို ရိုက်ကူးထားသည့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သော သရုပ်ဖော် မှတ်တမ်းရုပ်ရှင်ကားတစ်ကားဖြစ်ပြီး လယ်သမားများရင်ဆိုင်ကြုံတွေ့ရသော ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာသည့်စိန်ခေါ်မှုများကို လှစ်ဟဖော်ထုတ်ထားသည်။ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးကဏ္ဍများထဲမှတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ ဒေသအမျိုးမျိုးမှ လယ်သမားများကို ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းသည့်အခါ ပြောင်းလဲလာသည့် ရာသီဥတုက ၎င်းတို့၏ နေ့စဉ်ဘဝများအပေါ် မည်ကဲ့သို့ ထိခိုက်စေသည်ကို ဖော်ထုတ်တွေ့ရှိရသည်။ ဤမှတ်တမ်းရုပ်ရှင်သည် စိုက်ပျိုးရေးကဏ္ဍအပေါ် ရာသီဥတုပြောင်းလဲမှုက အကြီးအကျယ်ထိခိုက်စေပုံများကို ဖော်ထုတ်ထားသည့်အပြင် တိုးပွားလာသည့် လူဦးရေတစ်ခုအတွက် ရေရှည်တည်တံ့သော အလေ့အထကောင်းများဆီ သွားနိုင်မည့် လမ်းကြောင်းကိုလည်း ပြသလျက်ရှိသည်။

Storm Watcher
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလွန်ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များကို ဒုတိယမြောက် အခံရဆုံးနိုင်ငံဖြစ်သည်။ နှစ်စဉ် ရခိုင်ပြည်နယ်ရှိ ကမ်းရိုးတန်းနေ ပြည်သူများသည် ဆိုင်ကလုန်းမုန်တိုင်းနှင့် အဖျက်စွမ်းအားကြီးသည့် ရေကြီးခြင်းတို့ကို ရင်ဆိုင်ကြရသည်။ ၂၀၁၃-၂၀၁၈ ခုနှစ်အတွင်း CERA နှင့် Malteser International သည် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အကူအညီလိုအပ်သည့် ဒေသနေပြည်သူများကို ထောက်ပံ့ပေးခဲ့သည်။ ဤရုပ်ရှင်သည် ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးမှု လျှော့ချရေး (DRR) လှုပ်ရှားမှုများနှင့် ထိုလှုပ်ရှားမှုအကျိုးခံစားရသူများ၏ ရှုထောင့်အမြင်များဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် အလိုက်သင့်နေထိုင်ခြင်းတို့၏ အကျိုးကျေးဇူးများကို ဖော်ကျူးပြသသည်။ ဇာတ်လမ်းသုံးခုမှတစ်ဆင့် ရခိုင်ရွာသူရွာသားများက ၎င်းတို့၏ဘဝများကို အထင်ရှားဆုံးပြောင်းလဲစေခဲ့သည့် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသည်။ ၎င်းဇာတ်လမ်းများသည် ကြိုတင်ပြင်ဆင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်း၊ အတူလက်တွဲအလုပ်လုပ်ခြင်း၊ ပါဝင်လှုပ်ရှားမှု တိုးမြှင့်ခြင်းနှင့် အသက်မွေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေခြင်းတို့၏ အရေးပါပုံကို ဖော်ကျူးထားသည်။

Warmer Days: Myanmar in the age of climate change
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများဒဏ်ကို အခံရဆုံး ကမ္ဘာ့နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ လူပေါင်း ၁၃၀၀၀၀ ကျော်သေဆုံးခဲ့သည့် နာဂစ်ဆိုင်ကလုန်း၊ ၂၀၁၀ ခုနှစ်က အပူလှိုင်းများ၊ ၂၀၁၅ ခုနှစ်က အကြီးအကျယ် ရေလွှမ်းမိုးမှုများကဲ့သို့ ဖြစ်စဉ်များသည် နိုင်ငံ၏ စီးပွားရေးနှင့် လူ့ဘဝများအပေါ် ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့သည်။ ရာသီဥတုပြောင်းလဲမှုက ယင်းဖြစ်စဉ်များ၏ ပြင်းအားပမာဏနှင့် ဖြစ်နိုင်ခြေအလားအလာတို့ကို တိုးပွားလာစေသည်။ သို့သော် ရာသီဥတုပြောင်းလဲမှု၏ မမြင်နိုင်သော ဖောက်ပြန်သော ဘေးထွက်ဆိုးကျိုးတစ်ခုလည်းရှိသည်၊ ၎င်းမှာ လူ့အဖွဲ့အစည်းကို အသွင်းပြောင်းလဲစေခြင်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေအရင်းအမြစ်များနှင့် လယ်ယာမြေများ ဆားဓာတ်ပါဝင်မှုများလာခြင်း၊ အပူချိန်မြင့်တက်ခြင်းတို့သည် စိုက်ပျိုးရေးကို ထိခိုက်စေပြီး လူပေါင်းများစွာကို နေရပ်ရွှေ့ပြောင်းအောင် တွန်းပို့နေသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ မြောက်ပိုင်းရှိ တောင်ပေါ်ဒေသများအထိ ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခြိမ်းခြောက်နေသည်။ သို့သော် အလိုက်သင့်ပြောင်းလဲရန် နည်းလမ်းများရှိပြီး သုတေသန၊ စမတ် ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းရေးဆွဲခြင်း၊ ဆန်းသစ်သော စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာလုပ်ငန်း၊ အသိပညာပေးမှု စသည်တို့မှတစ်ဆင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများသည် ပိုမိုပူနွေးသော ခေတ်တွင် ရှင်သန်နေထိုင်နိုင်ကြသည်။

More Than A Tree
မြန်မာနိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းရှိ၊ ရခိုင်ပြည်နယ်က ကမ်းရိုးတန်းနေပြည်သူများသည် နှစ်စဉ် ရေကြီးမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းများ၏အန္တရာယ်ကို ရင်ဆိုင်ကြရသည်။ ၂၀၀၈ နှင့် ၂၀၁၁ခုနှစ်အကြားတွင် Malteser International နှင့် လမုတောလုပ်ငန်း ကွန်ရက် (MSN) တို့သည် စစ်တွေမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို လမုပင် ၁၈၀၀၀ ကျော် စိုက်ပျိုးနိုင်စေရန် ကူညီခဲ့သည်။ ယင်းလုပ်ရပ်သည် လူ ၃၀၀၀ ကျော်၏ အသက်အိုးအိမ်များကို လုံခြုံမှုပေးလျက်ရှိသည်။

Our Forest, Our Future
သစ်တောဦးစီးဌာန၏ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် မြေယာ ၃၁၃ ၁၂၃ ဟက်တာကို ဒေသခံပြည်သူများထံ ပေးအပ်ရေးဖြစ်သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Shalom Foundation မှ စီမံကိန်းအရာရှိ ဦးအောင်ဆန်းသည် အဖွဲ့အစည်းအနေဖြင့် အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ပေါ်စေရန်နှင့် ရေရှည်တည်တံ့သော သစ်စိုက်ပျိုးရေးလုပ်ငန်း မြှင့်တင်ရန်အတွက် ဦးကမ်ရှောင်နှင့် အခြား ဒေသခံလူထုခေါင်းဆောင်များအား မည်ကဲ့သို့ ပံ့ပိုးကူညီရေးကို ဆွေးနွေးထားသည်။