ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာများ

ဒေသနေပြည်သူများအား ပင်လယ်ပြင်၏ သယံဇာတရင်းမြစ်များကို ကာကွယ်စေခြင်းနှင့် ရေရှည်တည်တံ့ရေးအတွက် စီမံခန့်ခွဲစေခြင်း
ငါးဖမ်းလုပ်ငန်း
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး

နောက်ခံအကြောင်း

မြိတ်ကျွန်းစုတွင် အလွန်အကျွံငါးဖမ်းခြင်း၊ နေထိုင်ကျက်စားရာဘုံများ ဖျက်ဆီးခံရခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် အရေးပါပြီး များပြားစုံလင်သော အဏ္ဏဝါသတ္တဝါများ ခြိမ်းခြောက်ခံနေရသည်။ ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာများ (LMMA’s) ထူထောင်ခြင်းသည် ဤသို့နေထိုင်ကျက်စားရာ ဘုံများကို ကာကွယ်ပေးနိုင်ရုံသာမက ဒေသတွင်းအသက်မွေးဝမ်းကြောင်းအလုပ်များကို ပံ့ပိုးပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။

စီမံကိန်း

၂၀၁၇ ခုနှစ်တွင် အဓိကကျသော ဇီဝမျိုးစုံမျိုးကွဲဒေသများ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်းများ စီမံခန့်ခွဲမှုအတွက် မြိတ်ကျွန်းစုတွင် LMMA’s သုံးခုကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လငန်း၊ ဒုံးပုလဲအော်နှင့် လင်းလွန်းရှိ ထို LMMA’s များသည် မြန်မာနိုင်ငံအတွင်းရှိ အဏ္ဏဝါရေပြင်ပူးပေါင်းစီမံခန့်ခွဲရေး ငါးဖမ်းလုပ်ငန်းများအတွက် အထူးတည်ထောင်ထားသည့် ပထမဆုံး အကာအကွယ်ပေးသည့်ဒေသများကို ကိုယ်စားပြုသည်၊ မြန်မာနိုင်ငံတွင် အဏ္ဏဝါရေပြင်ဧရိယာများကို ရေရှည်စီမံခန့်ခွဲနိုင်ရန် ဒေသတွင်း ငါးဖမ်းသူများအား ခွင့်ပြုထားပြီးဖြစ်သည်။ ထိုဒေသတွင်းပြည်သူများသည် အထူးငါးဖမ်းခွင့် ရရှိကြပြီး ဒေသတွင်းရှိ အဏ္ဏဝါရေပြင်ဘုံနေရာများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ကို ထမ်းဆောင်ကြရသည်။ နောက် ၃ နှစ်အတွင်း အဏ္ဏဝါရေပြင်ဧရိယာ ၄ ခုကို ထူထောင်ပြီး LMMA ပုံစံမှတစ်ဆင့် ရေရှည်စီမံခန့်ခွဲမည်ဖြစ်သည်။

အဖွဲ့အစည်း

၁၉၀၃ ခုနှစ်တွင် ထူထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI) သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး နိုင်ငံတကာ တောရိုင်းသဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်း၏ မစ်ရှင်မှာ ရေရှည်တည်တံ့ပြီး လူသားတို့၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသည့် ဖြေရှင်းနည်းများကို ရွေးချယ်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်နှင့် အန္တရာယ်ကျရောက်နေသော မျိုးစိတ်များနှင့် ဂေဟစနစ်များကို ထိန်းသိမ်းရန် ဖြစ်သည်။

LMMA’s များ၏ ကာကွယ်ထားသော ဧရိယာအတွင်း ဇီဝမျိုးစုံမျိုးကွဲ စောင့်ကြည့်ခြင်းလုပ်ငန်းကြောင့် အဏ္ဏဝါသယံဇာတရင်းမြစ်များ၏ အခြေအနေနှင့် အချိန်နှင့်အမျှ ၎င်းတို့ပြောင်းလဲလာပုံအကြောင်း အရေးကြီးသောအချက်အလက်များကို သိရှိရပြီး ယင်းအချက်အလက်များကို အသုံးပြု၍ ဒေသခံပြည်သူများက ထိုဧရိယာကို စီမံခန့်ခွဲရန် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။
ဓာတ်ပုံ- Michelangelo Pignani - FFI
ရွာသားများက LMMA’s တစ်ခု၏ နယ်နိမိတ်များနှင့် ဇုန်များကို ရေးဆွဲနေပုံ။ LMMA တစ်ခုသည် အဏ္ဏဝါရေပြင်ကာကွယ်ဧရိယာ (MPA) နှင့်ကွဲပြားခြားနားပြီး ထို LMMA များကို ဒေသခံများက ပိုင်ဆိုင်ပြီး အချို့နေရာများတွင် ဒေသ၏ ရိုးရာလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲမှု အလေ့အထများအတိုင်း လိုက်နာကျင့်သုံးကြသည်။
ဓာတ်ပုံ- Robert Howard - FFI
ဖီဂျီတွင် စတင်အသိအမှတ်ပြုခဲ့ပြီး ယခုအခါတွင် ပစိဖိတ်ကျွန်းနိုင်ငံပေါင်း ၁၅ ခုရှိ ကျေးရွာ ၆၀၀ ဝန်းကျင်တွင် အင်ဒို-ပစိဖိတ်ဒေသတွင်း LMMA နေရာပေါင်း ၄၂၀ ကျော် ရှိနေပြီဖြစ်သည်။ LMMA သည် ယခုအခါတွင် ပစိဖိတ်သမုဒ္ဒရာတစ်ခွင်ရှိ အရှေ့တောင်အာရှနိုင်ငံများတွင် တည်ရှိနေသကဲ့သို့ အိန္ဒိယသမုဒ္ဒရာနှင့် ကာရစ်ဘီယံပင်လယ်တို့တွင်လည်း တည်ရှိနေသည်။ LMMA ကို ဒေသခံ အခြေပြု အဏ္ဏဝါရေပြင်သယံဇာတရင်းမြစ်စီမံခန့်ခွဲရေးအား အာရုံစိုက်လုပ်ဆောင်နေကြသော ဒေသခံပြည်သူများ၊ လက်တွေ့ကွင်းဆင်း လုပ်ဆောင်နေသူများနှင့် အစိုးရတာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားပြီး စွမ်းဆောင်ရည် တည်ဆောက်ရေး၊ နားလည်သဘောပေါက်မှုနှင့် စောင့်ကြည့်မှုတွင် ပံ့ပိုးရေးကို ဆောင်ရွက်နေပြီး မိမိတို့၏ အဏ္ဏဝါသယံဇာတရင်းမြစ်များကို ရေရှည်တည်တံ့သောနည်းဖြင့် စီမံခန့်ခွဲလာကြသည့် ဒေသခံပြည်သူများ ပိုမိုများပြားလာရန် လုပ်ဆောင်လျက်ရှိသသည်။
ဓာတ်ပုံ- Robert Howard - FFI

မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားဒေသများရှိ ဆိုလာ အသေးစားဓာတ်အားစနစ်

မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်စွမ်းအင် ထောက်ပံ့ခြင်းနှင့် အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး