လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်

ဥယျာဉ်၏ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန် ဒေသတွင်း စွမ်းရည်မြှင့်တင် တည်ဆောက်ခြင်း
ကာကွယ်စောင့်ရှောက်ထားသည့် ဧရိယာများ
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
ငါးဖမ်းလုပ်ငန်း
အသက်မွေးလုပ်ငန်း ဖွံ့ဖြိုးရေး

နောက်ခံအကြောင်း

မြိတ်ကျွန်းစုတွင်တည်ရှိသည့် လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်ပြီး ရေနေမျိုးစိတ်နှင့် ကုန်းနေမျိုးစိတ်ပေါင်း ၁၂၀၀ ကျော် ရှင်သန်နေထိုင်ကြသည်။ ဥယျာဉ်၏ များပြားစုံလင်လှသည့် ဇီဝမျိုးစုံမျိုးကွဲတို့သည် အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ အမဲလိုက်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အထိန်းအကွပ်မဲ့စွာ လုပ်ကိုင်ခြင်းတို့ကြောင့် အန္တရာယ်ရင်ဆိုင်နေကြရသည်။

စီမံကိန်း

၂၀၀၉ ခုနှစ်မှစတင်၍ Istituto Oikos သည် ဥယျာဉ် စီမံခန့်ခွဲရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ တိုးတက်လာစေရန်အတွက် နယ်ပယ်အမျိုးမျိုးတွင် လှုပ်ရှားမှုပေါင်းများစွာလုပ်ဆောင်ကာ သစ်တောဦးစီးဌာနကို ပံ့ပိုးကူညီလျက်ရှိသည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၊ ဒေသနေပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပါဝင်ပူးပေါင်းမှုဖြင့် အထွေထွေ စီမံခန့်ခွဲရေး စီမံချက်တစ်ခု ရေးဆွဲခဲ့သည်။ အဓိကအရေးပါသည့် မျိုးစိတ်များကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တရားမဝင်လုပ်ဆောင်ချက်များကို ဥပဒေဖြင့်ထိန်းကျောင်းတင်းကျပ်ခြင်းတို့အတွက် ဥယျာဉ်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့်တင်တည်ဆောက်ပေးခြင်းနှင့် လိုအပ်သောကိရိယာများ ပံ့ပိုးခြင်းတို့ လုပ်ဆောင်သည်။ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်း တိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတိုးရေး လှုပ်ရှားမှုများနှင့် သန့်ရှင်းရေးလုပ်ဆောင်မှုများ အကောင်အထည်ဖော်ကြသည်။ ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်း စီမံခန့်ခွဲခြင်းနှင့် သဘာဝခရီးသွားလုပ်ငန်း လှုပ်ရှားမှုများ တိုးတက်ဖွံ့ဖြိုးရေး (ကျေးရွာ ခရီးစဉ်များ၊ လေ့လာရေးခရီးများ၊ လက်မှုလုပ်ငန်း) တို့တွင် ဒေသနေပြည်သူလူထုများကို ပါဝင်လှုပ်ရှားစေသည်။

အဖွဲ့အစည်း

Istituto Oikos သည် ၁၉၉၆ ခုနှစ်တွင် အီတလီတွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပ၊ အာရှနှင့် အာဖရိကဒေသတစ်ခွင်တွင် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်စောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့စေသည့် သဘာဝသယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့ကို အဓိကထားသည်။ Oikos သည် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်။

လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းစုတစ်စုစာ ကျယ်ပြန့်သည်။ မြိတ်ကျွန်းစုသည် ကပ္ပလီပင်လယ်အတွင်းရှိ ကမိးရိုးတန်း ကီလိုမီတာ ၆၀၀ တလျှောက်တွင် အနှံ့အပြားတည်ရှိနေသည့် ကျွန်းပေါင်း ၈၀၀ ကျော်နှင့် ဖွဲ့စည်းထားသည်။
ဓာတ်ပုံ - David Van Driessche - Istituto Oikos
လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် အမြဲစိမ်းသစ်တောများနှင့် လမုတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများနှင့် မျိုးတုံးအန္တရာယ်ရင်ဆိုင်နေရသည့် မျိုးစိတ်များဖြစ်သော ပသျှူးသင်းခွေချပ်၊ ပင်လယ်လိပ်ခွေး၊ ပြင်သာလိပ်နှင့် အောက်ချင်းငှက်တို့အပါဝင် စုံလင်များပြားလှသည့် ဇီဝမျိုးစုံမျိုးကွဲတို့ကို ကာကွယ်ထားသည်။ အဓိကအရေးပါသည့်မျိုးစိတ်များကို စောင့်ကြည့်ရေး၊ တောရိုင်းတိရစ္ဆာန် ခွဲခြားမှတ်တမ်းတင်ခြင်းနှင့် ဥယျာဉ်အတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်းတို့အတွက် စောင့်ကြပ်ကြည့်ရှုရေး လုပ်ထုံးလုပ်နည်းများ တိုးတက်လုပ်ဆောင်ထားသည်။
ဓာတ်ပုံ - Istituto Oikos
မြိတ်ကျွန်းစုကို ၁၉၉၇ ခုနှစ်တွင် ခရီးသွားလုပ်ငန်းအတွက် တရားဝင်စတင်ဖွင့်လှစ်ခဲ့သော်လည်း မဖော်ထုတ်ရသေးသော ကျွန်းများ အများအပြားကျန်ရှိနေဆဲဖြစ်သည်။ လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် ဒေသခံပြည်သူအခြေပြု ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် ဒေသနေပြည်သူအစုအဖွဲ့များကို သဘာဝခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချပေးသည်။ ယင်းသင်တန်းများသည် ဥယျာဉ်၏ ဂေဟစနစ်များကို ဖျက်ဆီးနေသည့် တရားမဝင်လုပ်ဆောင်ချက်များ လျော့ပါးစေရန်အတွက် အစားထိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးသည်။
ဓာတ်ပုံ - David Van Driessche - Istituto Oikos
မော်ကင်း – ပင်လယ်ပျော် (ဆလုံလူမျိုး) များဟု ရည်ညွှန်းလေ့ရှိကြ – များသည် မြိတ်ကျွန်းစုနေ တိုင်းရင်းသားလူမျိုးများဖြစ်သည်။ ယနေ့ခေတ်တွင် ဥယျာဉ်အတွင်း မော်ကင်း ၃၂၀ ခန့် နေထိုင်ကြသည်။ လွန်ခဲ့သော ၁၅နှစ်အတွင်းတွင် ၎င်းတို့သည် ကြီးထွားလာသည့် ငါးဖမ်းလုပ်ငန်းကဏ္ဍနှင့် ပြိုင်ဆိုင်လာရမှု၊ ပင်လယ်သယံဇာတ ကျဆင်းယုတ်လျော့လာမှုတို့ကြောင့် ဆင်းရဲကျပ်တည်းမှုနှင့် အလျင်အမြန်ရင်ဆိုင်ခဲ့ရသည်။ ယင်းသည် ၎င်းတို့၏ ထုံးတမ်းအစဉ်အလာဖြစ်သည့် လှည့်လည်ရွှေ့ပြောင်းနေထိုင်သည့် လူနေမှုပုံစံအပေါ် အထူးသက်ရောက်မှုရှိခဲ့ပြီး ပိုမိုအတည်တကျနေထိုင်သည့် လူနေမှုဘဝဖြစ်ပေါ်စေခဲ့သည်။
ဓာတ်ပုံ - David Van Driessche - Istituto Oikos

သဘာဝ

ဧရာဝတီ မြစ်ဝှမ်းဒေသအတွင်းရှိ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများတွင် ရေနှင့် စွမ်းအင်စီမံခန့်ခွဲမှု ရေရှည်တိုးတက်စေရန် ဆောင်ရွက်ခြင်း