ခွန်းလီ

ခွန်လီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၁၉၈၇ ခုနှစ်က မွေးဖွားခဲ့တဲ့ ကချင်လူမျိုး ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ သူ့မွေးရပ်မြေ ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ ပထမဆုံးသော ကချင်လူမျိုး မှတ်တမ်းဓာတ်ပုံဆရာတစ်ယောက် ဖြစ်လာတယ်။ သူဟာ ပြည်တွင်းစစ်၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများ (IDPs)၊ လူကုန်ကူးမှု၊ မြေယာသိမ်းယူမှုနဲ့ ကချင်ပြည်နယ်မှာ ငှက်ပျောစိုက်ခင်းများ ကျယ်ပြန့်လာခြင်းကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ စတဲ့ ဆက်လက်ဖြစ်ပေါ်နေပြီး မဖြေရှင်းနိုင်သေးတဲ့ ကိစ္စရပ်များကို လူတွေ မျက်ဝါးထင်ထင် တွေ့မြင်နိုင်စေဖို့အတွက် အမှီအခိုကင်းလွတ်လပ်တဲ့ ပရောဂျက်တွေကို စတင် ရိုက်ကူးခဲ့တယ်။ သူဟာ ၂၀၂၀ မှာ ရန်ကုန်ဓာတ်ပုံပွဲတော် ပြိုင်ပွဲမှာ ဆုရရှိခဲ့တယ်။

The Price of Bananas (၂၀၁၈ ခုနှစ်မှစ၍)

ဓာတ်ပုံ

ကျွန်တော်က လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ငှက်ပျောစိုက်ခင်းနဲ့ဆက်စပ်တဲ့ပြဿနာကို စတင်မှတ်တမ်းတင် ရိုက်ကူးခဲ့တယ်။ လာအိုမှာ အစိုးရက ငှက်ပျောစိုက်ခင်းတွေကို ပိုးသတ်ဆေးတွေနဲ့ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးစွဲမှုကြောင့် ပိတ်ပစ်လိုက်တဲ့အချိန်မှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ကချင်ပြည်နယ်ကို ရောက်လာကြတယ်။ ပိုးသတ်ဆေးနဲ့ ဓာတုဆေးတွေ အလွန်အကျွံသုံးစွဲမှုက အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံတင်မကဘဲ စိုက်ခင်းမြေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ပျက်စီးစေတယ်။ သီးနှံဆွတ်ခူးချိန်အတွင်းမှာ ပလပ်စတစ် အမြောက်အမြား သုံးစွဲကြတယ်။ ပြီးရင် အပယ်ခံရတဲ့ ငှက်ပျောသီးတွေနဲ့ ပိုးသတ်ဆေးထည့်တဲ့အိတ်တွေ အကုန်လုံးကို စိုက်ခင်းတွေပေါ်မှာ စွန့်ပစ်ကြတယ်။ လှပတဲ့ ကချင်မြေရဲ့ရှုခင်းဟာ နှစ်တွေနဲ့ချီ ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာနဲ့ချီပြီး ပျက်စီးကျန်ရစ်ခဲ့စေတယ်။